ရှေးမြန်မာကျမ်းတွေမှာ မှတ်တမ်းတင်ဖော်ပြခြင်းခံခဲ့ရတဲ့ ညံသတ္တဝါ

17 May, 2026

ရှေးမြန်မာကျမ်းတွေမှာလဲတွေ့ရပြီး အနောက်နိုင်ငံရဲ့စာပေတွေမှာလဲ ဖော်ပြခံရတဲ့ ဒီ ညံသတ္တဝါဟာ ဒဏ္ဍာရီလာ ရေသတ္တဝါတစ်ကောင်လား ဒါမှမဟုတ် အမှန်တကယ်ပဲတည်ရှိတဲ့တိရစ္ဆာန်မျိုးစိတ်တစ်ခုလား? ဒီဘက်ခေတ်တွေမှာ ညံကောင်နဲ့ပတ်သက်လို့ တွေ့မြင်တယ်လို့ ပြောဆိုသူမရှိကြပေမဲ့ ၁၉ ရာစု မှာတော့ အရှေ့တိုင်းသာမက အနောက်တိုင်းမှာပါ ညံသတ္တဝါအကြောင်းကို ပြောဆိုမှု အများအပြားရှိခဲ့ပါတယ်။ ညံသတ္တဝါဆန်းကို ရှေးခေတ် ပင်လယ်သမုဒ္ဒရာထဲမှာ နေထိုင်တဲ့ ကြောက်စရာသတ္တဝါအဖြစ် ဖော်ပြကြပါတယ်။ အစောပိုင်းကာလတွေမှာ ညံဟာ ရေဘဝဲတွေလို ခြေချောင်းတွေ အများအပြားပါဝင်တဲ့ သတ္တဝါဖြစ်တယ်လို့ ထင်မှတ်ကြပါတယ်။ ညံကို မြန်မာ့ဒဏ္ဍာရီထဲမှာသာမက မြန်မာရာဇဝင်တွေထဲမှာလည်း အထင်အရှားပြဆို ထားတာမျိုးရှိပါတယ်။ မြန်မာ့ရာဇဝင်တွေမှာတော့ ညံဆိုတာအလွန်ကြီးမားတဲ့အရွယ်အစားရှိပြီး ကြောက်စရာကောင်းတဲ့ ရေသတ္တဝါကြီးတစ်ကောင်အဖြစ် ဖော်ပြထားပါတယ်။